Blogger Widgets

Friday, February 22, 2013

Virtualization အကြောင်း မတောက်တခေါက်


Virtualization ဘာလို့လုပ်လဲ၊ ဘာတွေ အသုံးဝင်လို့လဲ၊ ဘယ်လိုတွေ အသုံးချသလဲ သိချင်နေသူများအတွက် Virtualization အလုပ်လုပ်ပုံလေးကို သိသလောက် တတ်သလောက် ရေးကြည့်တာပါ….. စိတ်ပါဝင်စားသူများ ဆက်လက်လေ့လာဖို့ အခြေခံ Concept လေးတွေးနိုင် မြင်နိုင်အောင်လို့ပါ…… ကျွန်တော် အဓိကက ဆရာကြီး လုပ်ချင်လို့ မဟုတ်ပါဘူး..... ကိုယ်ကိုယ်တိုင် ဘာမှန်း သေခြာ မသိခဲ့တာကို နည်းနည်း သိတဲ့အခါ သဘောပေါက်မိတဲ့အခါ သူများတွေလည်း နားလည်စေချင်လို့ Knowledge ရှယ်တာပါ…….


Virtualization ဆိုတာမပြောခင် အခုလက်ရှိ သုံးနေတဲ့ ကွန်ပျူတာတွေနဲ့ ပါတ်သက်လို့ ပြောရမယ်ဆိုရင် အခုလက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာတွေဟာ သူတို့စက်လက်ပါတ်မှု စနစ်လို့ ခေါ်တဲ့ Operating System တင်ထားရပါတယ်…… IBM မျိုးဆက် ကွန်ပျူတာတွေမှာ Windows XP, Vista, Windows 7, Ubantu စတာတွေ တင်သလို Apple ကွန်ပျူတာတွေမှာလည်း Mac OS X လိုမျိုးတွေ တင်ထားပီးမှ ကျန်တဲ့ ကိုယ်သုံးချင်တဲ့ Application တွေကို အသုံးပြုကြရပါတယ်….. Virtualization ဆိုတဲ့သဘောအတိုင်း တကယ်လက်ရှိ သုံးနေတဲ့ Computer Operating System ပေါ်မှာ နောက်ထပ် Virtual ကွန်ပျူတာ တစ်လုံး ဖန်တီးလိုက်တာပါပဲ..... တနည်းအားဖြင့် Mac OS X အသုံးပြုနေတဲ့ ကွန်ပျူတာမှာ Mac လည်းသုံးနေရင်း Windows လည်းသုံးလို့ရအောင် ဖန်တီးထားတာပါ…… ဒါက အခြေခံပါ……

OS သုံးခုစာအတွက် ကွန်ပျူတာ သုံးလုံးအစား Virtualize လုပ်ထားပီး အသုံးပြုခြင်း

ဒါဆိုရင် Virtualization ကို ဒီလို Standalone ကွန်ပျူတာတွေ အတွက်ပဲ သုံးတယ်ထင်ရင်တော့ လုံးဝမှားသွားမှာဖြစ်ပါတယ်…… ယနေ့ နာမည်ကြီးနေတဲ့ ကုမ္ပဏီ အများစုဟာ ၎င်းတို့ရဲ့ Server တွေကို Virtualization Platform ပေါ်မှာ အသုံးပြုကြပါတယ်…… Efficiency, Reliability and Fault Tolerance ကောင်းမွန်တဲ့အတွက် ဖြစ်ပါတယ်…. Server Virtualization တွေ မပြောခင်မှာ Standalone Virtualization နဲ့ပါတ်သက်လို့ ကောင်းကျိုးလေးတွေ ပြောပြချင်ပါတယ်……

ယခင်က အသုံးပြုရသော Server Farm

တစ်ချို့ တစ်ချို့သော Customize Program များဟာ Operating System Version အမြင့်မှာ သုံးလို့မရပါဘူး…. ဥပမာအားဖြင့် Statistics အတွက် သုံးတဲ့ Program တစ်ချို့၊ Accpac Dos Version၊ Library အတွက် သုံးတဲ့ Program တစ်ချို့တွေဟာ Version အလွန်နိမ့်တဲ့ ၀င်းဒိုးနဲ့မှ သုံးလို့ရတာ ရှိပါတယ်…… တစ်ခါတစ်လေမှာ ကိုယ်က Apple ကွန်ပျူတာ သုံးနေပေမယ့် ကိုယ့်အလုပ်နဲ့ ပါတ်သက်တဲ့ ဆော့ဝဲက ၀င်းဒိုးမှာမှ အလုပ်လုပ်တယ်ဆိုရင် ကိုယ့်စက်မှာ Virtualize လုပ်ပေးနိုင်မယ့် Software တစ်ခုတင်ထားပီး Virtualize လုပ်ပီး အသုံးပြုကြတာ ဖြစ်ပါတယ်…..

ကွန်ပျူတာ တစ်လုံး၏ Resources များအား Share လုပ်၍ Virtualize အနေဖြင့် အသုံးပြုခြင်း

တစ်ခါတစ်လေမှာ လုပ်ငန်းလိုအပ်ချက်အရ ဘိုးတော်ဘုရားခေတ်က Windows 98 တို့ Windows 95 တို့ပေါ်မှာမှ အသုံးပြုနိုင်တဲ့ Program တွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ အဲ့ဒိစက် ရပ်သွားရင် ကိုယ့်အလုပ်တွေ ထိခိုက်သွားနိုင်တာတွေ၊ ရုံးလုပ်ငန်းအတွက် အရေးကြီးတဲ့ စက်တစ်လုံး ဒေါင်းသွားတဲ့အချိန်မှာ ချက်ခြင်း Recover လုပ်ပီး ပြန်တက်လာနိုင်အောင် လုပ်တာတွေ၊ Server တစ်လုံးနဲ့တစ်လုံး Migration မလုပ်ခင်မှာ Server အဟောင်းကို စိတ်ကြိုက်စမ်းနိုင်ဖို့ အဲ့ဒိ Machine တွေကို Image ရိုက်ပီး Virtualize လုပ်ပီးတော့လည်း သုံးနိုင်ပါတယ်…… လက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာ တစ်လုံးကို တစ်ပုံစံတည်း တူအောင် အစကနေ အဆုံး Install လုပ်ဖို့ရာ မလွယ်ကူပါဘူး…. အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ လက်ရှိ သုံးနေတဲ့ Real Time Data တွေနဲ့ စမ်းသပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ….. အဲ့ဒိအတွက် Image ရိုက်ယူပီး Virtual Machine တစ်ခုဖန်တီးပီး စမ်းသပ်ကြပါတယ်……

Server Hardware တစ်လုံးတည်းမှ Other Functional Virtual Servers များ Host လုပ်ထားခြင်း

နာမည်ကြီး VMWare ပေါ်တွင် Host လုပ်ထားသော Machnie များနမူနာ

လက်ရှိ အသုံးပြုနေတဲ့ Machine ကို Lab Environment မှာ အသုံးပြုဖို့အတွက် Image ရိုက်ယူရာမှာ Drivers တွေဖြုတ်ယူပီး Image ရိုက်လျင် Virtual Machine မှာ ပြန်သုံးတဲ့အခါ ပိုမိုအဆင်ပြေမှာ ဖြစ်ပါတယ်…. အဘယ့်ကြောင့်ဆိုသော် မလိုလားအပ်သည့် Drivers ပြဿနာတွေ ရှောင်ရှားနိုင်ရန် ဖြစ်ပါတယ်….. အဆိုပါ Image တွေကို Virtual Machine အဖြစ် အသုံးပြုနိုင်ရန် Virtual Machine Software တွေလိုအပ်ပါတယ်……

နာမည်ကြီး Virtualizer များ.... အချို့ကတော့ Hyper လို့လည်း ခေါ်ကြပါတယ်.... Hyper Layer ပေါ့....

နာမည်ကြီးပြီး လူသုံးများတာကတော့ Microsoft Virtual Machine, Citrix Xen နဲ့ VMWare Workstation တို့ဖြစ်ကြပါတယ်…… အဆိုပါ Virtualizer များနဲ့ Virtual Disk Image တွေဖန်တီးပီး အသုံးပြုလို့ ရသလို မိမိ စမ်းသပ်ထားတဲ့ Virtual Disk များကိုလည်း အခြားသူများအား အဆိုပါ Virtual Disk Image File ကိုပေးပီး စမ်းသပ်ခိုင်းလို့ ရပါတယ်…. VMWare ရဲ့ နောက်ပေါ်လာတဲ့ VMWare Player ဆိုရင်ဖြင့် မိမိဘာသာ Virtual Machine များ ပြုလုပ်ရန် မလိုပဲ အဆိုပါ Virtual Disk Image file များကိုသာ တင်ပီး အသုံးပြုနိုင်ရန် ပြုလုပ်ထားတဲ့ VMware ရဲ့ Product တစ်ခုဖြစ်ပါတယ်…….

အဲ့ဒိအတွက် လုပ်ငန်းသဘောသဘာဝအရ Critical ဖြစ်တဲ့ Machine များကို Image ရိုက်ယူထားပီး Virtual Disk Image ဖိုင်များ ပြုလုပ်ထားခြင်းဖြင့် အဆိုပါ ကွန်ပျူတာ ရပ်သွားတာနဲ့ အခြားကွန်ပျူတာ တစ်လုံးမှာ ချက်ခြင်းကောက်ပီး မိနစ်ပိုင်းအတွင်း ဖန်တီးယူနိုင်တဲ့အတွက် Virtualization ဟာ ပေါ်ပြူလာ ဖြစ်လာပါတယ်…… ထိုကဲ့သို့ လွယ်ကူလျင်မြန်စွာ Recovery ပြုလုပ်နိုင်ခြင်းနှင့် Downtime ကို လျော့ချနိုင်ခြင်းတို့ကြောင့် Server များကိုပါ Virtualize ပြုလုပ်ပီး သုံးလာကြပါတယ်…… နာမည်ကြီး Server Version Virtualizer များကတော့ Microsoft HyperV, Citrix Xen Desktop, VMWare ESX တို့ပဲ ဖြစ်ကြပါတယ်…..

အရင်တုန်းက ကျွန်တော်တို့ဟာ Server တွေဆိုလျင် Resources တွေပုံအောပီး အတုန်းလိုက် အတစ်လိုက် သုံးစွဲခဲ့ရတော့ Server Virtualize လုပ်ခြင်းဟာ Resources တွေလောက်ငှပါ့မလား တွေးပူစရာ ရှိပါတယ်….. မေ့လိုက်ပါ….. ဘာကြောင့်ပါလဲဆိုတော့ ယနေ့ Hardware လောကဟာ လွန်စွာပြောင်းလဲ တိုးတက်နေပြီး Processor တစ်လုံးလျင် Core ပေါင်းမြောက်များစွာနှင့် အလုပ်လုပ်နိုင်နေလို့ ဖြစ်သလို RAM များကိုလည်း GB ဆယ်နဲ့ချီပီး အသုံးပြုနိုင်လာတဲ့အတွက်လည်း ဖြစ်ပါတယ်……. ယခင်က ကွန်ပျူတာ ယူနစ်ကြီးတစ်ခုမှာ ကျွန်တော်တို့ဟာ Server တစ်လုံးသာ အသုံးပြုနိုင်ပါတယ်….. ဆာဗာ ၅ မျိုးသုံးချင်လျင် ဥပမာ Domain, Web, Email, Database, Application အစရှိသဖြင့် သုံးချင်လာတဲ့အခါမယ် ၅ မျိုးရှိ ဆာဗာ ၅ လုံးသုံးရတဲ့အတွက် အဆိုပါ Server တွေကို ပံ့ပိုးပေးရတဲ့ လျှပ်စစ်မီတာ၊ နေရာအကျယ်အ၀န်း၊ အဲ့ဒိ ဆာဗာတွေက ထုတ်လွှတ်တဲ့ အပူဒဏ်ကိုလျှော့ချဖို့ သုံးစွဲရတဲ့ Aircon အစရှိသဖြင့် နောက်ဆက်တွဲ ကုန်ကျစရာတွေ တိုးလာပါတယ်….

ထို့အတူ တပ်ဆင်ထားတဲ့ Resources များကိုလည်း အပြည့်အ၀ အသုံးမချပါဘူး…. Resources များ၏ ၃၀ ရာနှုန်းတောင် အပြည့်အ၀ အသုံးမချကြပါဘူးလို့ ဆိုကြပါတယ်….. ဥပမာအားဖြင့် Xenon 12 Core processor တစ်ခုကို တကယ်အသုံးပြုလျင်တောင် 6 Core အပြည့်အ၀ မသုံးစွဲနိုင်ပါဘူး….. အဲ့ဒိအတွက် Server တွေကို Virtualize လုပ်ပီး အသုံးပြုလာကြပါတယ်…. အဲ့ဒိလို အသုံးပြုတဲ့အတွက် Server အကြီးကြီး တစ်လုံးပေါ်မှာ Virtual Server တွေ တပ်ဆင် အသုံးပြုတဲ့အတွက် မီတာသုံးစွဲမှု လျော့နည်းခြင်း အပူစွမ်းအင် ထုတ်လွှတ်မှု လျော့နည်းလာခြင်းကြောင့် Green Technology လို့လဲ တင်စားခေါ်ဝေါ်ကြပါတယ်…..

Virtualizer ဆာဗာများနှင့် Virtual Machine Disk Image ဖိုင်များအား SAN သို့မဟုတ် NAS နှင့် တွဲဖက်အသုံးပြုပုံ...

အဆိုပါ Virtual Server များကို Virtual Disk Image ဖိုင်တွေနဲ့ သိမ်းဆည်းထားပါတယ်…. အဆိုပါ Virtual Server များကို Host လုပ်တဲ့ ဆာဗာကိုတော့ Virtualizer လို့လည်း ခေါ်ကြပါတယ်…. အဆိုပါ Virtualizer Machine ကြီးပျက်သွားရင် Host လုပ်ထားတဲ့ Virtual Server တွေဒေါင်းသွားမှာပေါ့လို့ တွေးပူစရာရှိပါတယ်….. ဟုတ်ကဲ့ ဒီနေ့ခေတ်မှာ Network Attach Storage လို့ခေါ်တဲ့ NAS တွေ၊ iSCSI Channel, Fiber Channel သုံးတဲ့ Storage Area Network ဖြစ်တဲ့ SAN တွေ၊ Network Attach Storage တွေဖြစ်တဲ့ NAS တွေ ဖန်တီးပီး Virtual Machine တွေနဲ့ အဆိုပါ Virtual Machine တွေရဲ့ ဒေတာတွေကို Virtualizer ထဲမှာ ပူးတွဲမထားပဲ NAS တို့ SAN တို့မှာ ခွဲခြား သိမ်းဆည်းထားခြင်းဖြင့် Fault Tolerance ကို အပြည့်အ၀ အသုံးချနိုင်ကြပါတယ်…..

Network Attach Storage များ

Virtualizer Machine ကြီးဒေါင်းသွားရင် ဆာဗာတွေ ဒေါင်းကုန်မှာပေါ့လို့ တွေးပူစရာရှိပါတယ်….. နောက်ထပ် Virtualizer Machine တစ်လုံးတွဲဖက်ပြီး Clustering လုပ်ထားလျင် ပထမ ဆာဗာဒေါင်းတာနဲ့ နောက်ဆာဗာက Fail Over ထမ်းယူလိုက်ပီး Main Virtualizer Host လုပ်ထားတဲ့ Virtual Machine Data တွေကို ပြန်လည် ဆွဲတင်ပီး လုပ်ငန်းစဉ်ကို ဆက်လက် လည်ပါတ်ပါစေတယ်….. ထို့ကြောင့် Virtual Machine တွေရဲ့ Disk Image တွေကို Virtualizer Server နဲ့ တွဲဖက်သိမ်းဆည်းထားခြင်း မပြုရခြင်းလည်း ဖြစ်ပါတယ်…… အဆိုပါ Virtualizer ကြီးဒေါင်းသွားတာနဲ့ ၎င်းအပေါ်မှာ Host လုပ်ထားတဲ့ Virtual Machnie တွေကို နောက် Virtualizer ပေါ်ကို အလိုအလျာက် ရွေ့ပေးသွားတာကို VMWare မှာတော့ VMotion လို့ခေါ်ပါတယ်……

Failover ခေါ် Main Virtualizer ကြီး ဒေါင်းသွားပါက Secondary Virtualizer ပေါ်သို့ VMotion ဖြင့် အလိုအလျောက် ပြောင်းရွှေ့ခြင်း နမူနာ ပုံစံ

Virtualizer တွေကို ထိမ်းချုပ်ဖို့ကတော့ Microsoft HyperV မှာ HyperV Console ပါဝင်ပြီး VMWare မှာတော့ VCenter Server နဲ့ထိမ်းချုပ်ပါတယ်….. ဘာတွေ ထိမ်းချုပ်သလဲဆိုရင်တော့ အကျမ်းမျဉ်းအားဖြင့် Virtual Machine တွေရဲ့ Resources တွေကို အော်တို ထိမ်းညှိခြင်း Manual ထိမ်းညှိခြင်းတို့ ပြုလုပ်ပေးပါတယ်…… ထိုကဲ့သို့ Virtualizer တွေအား Failover Cluster ပြုလုပ်ထားခြင်း၊ Virtual Machnie များအား သီးခြား SAN, NAS တို့မှာ သိမ်းဆည်းထားခြင်း တို့ကြောင့် Virtualizer ကြီးဒေါင်းသွားလျင် အခြား Virtualizer ကြီးပေါ်သို့ အဆိုပါ ဆာဗာများ ပြောင်းရွှေ့သွားပီး မူလအတိုင်း အလုပ်လုပ်ရန် အလွန်ဆုံး ၂ မိနစ်သာ ကြာမြင့်မယ်လို့ VMWare က ရဲရဲကြီးဆိုထားပါတယ်…… မှားကောင်း မှားနိုင်တယ် အတိအကျ သိချင် လိုက်ရှာဖတ်….. :D

အချုပ်အားဖြင့် Virtualization ပြုလုပ်လိုက်ခြင်းဖြင့် ဆာဗာ Hardware တစ်လုံးထဲကနေ Virtual Server များစွာ Host လုပ်၍ လုပ်ငန်းဆောင်တာများ ဖြန့်ဝေပေးခြင်၊ Server Machine များ၏ Space လျော့နည်းစေခြင်း၊ လျှပ်စစ် စွမ်းအင် ချွေတာခြင်း၊ အပူထုတ်လွှင့်မှု နည်းပါးခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရှိတဲ့အတွက် Virtualization ကို လူအများစုဟာ ပိုမို စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်….. ထို့ထက်ပို အကျိုးကျေးဇူး များပြားစေတာကတော့ Server Downtime ကိုလျော့နည်းစေပြီး လျင်မြန်စွာ Recover လုပ်နိုင်တဲ့အတွက် ယခင်ကလို Server ဒေါင်းသွားသဖြင့် လုပ်ငန်းများ ရပ်ထားရခြင်း မရှိပဲ ပုံမှန်အတိုင်း လွယ်ကူလျင်မြန်စွာ အလုပ်လုပ်သွားနိုင်တဲ့ အတွက်လည်း အသုံးများကြတာ ဖြစ်ပါတယ်…..

Virtualization ဖြင့်အသက်မွေးမည့် ပညာရှင်အများစုအနေနဲ့လည်း VMWare Certified Technician တစ်ယောက်ဟာ လစာအားဖြင့် အခြားသော Technician များထက် များစွာ သာလွန် ကောင်းမွန်ပါတယ်…… ဘာ့ကြောင့်လည်းဆိုတော့ VMWare ဟာ သူ့ Certified ဖြစ်ရန် သူ့သင်တန်းတက်ရန် လိုအပ်ပြီး သင်တန်းကြေး ကြီးမြင့်လွန်းတဲ့အတွက်လည်း ဖြစ်ပါတယ်….. ယခုလောက်ဆိုရင်ဖြင့် ဘာ့ကြောင့် Virtualization လုပ်ရတယ်…. သူ့ဟာသူနေအကောင်းသား ဘာလို့ Virtualize လုပ်ချင်ရတာလည်းလို့ စဥ်းစားမရ ဖြစ်နေသူများ နားလည် သဘောပေါက်မယ်လို့ မြင်မိပါတယ်….. ဘာလို့ Virtualize လုပ်တာလည်း မလုပ်လည်း ဖြစ်နေတာပဲဟာ ကျွန်တော့ ရှင်းပြပါဦးဆိုတဲ့ ကျွန်တော့မေးခွန်းဒဏ်ကြောင့် ဘီယာမသောက်ပဲ မူးမူးသွားတဲ့ ကိုနီလင်းကိုလည်း စိတ်ရှည် လက်ရှည် ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်……

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers