Hypervisor လို့ခေါ်တဲ့ Server Virtualization မှာ မရှိမဖြစ် လိုအပ်တဲ့ Engine အတွက် အခြေအတင် ပြိုင်ပွဲက တဖြည်းဖြည်း ကြမ်းတမ်းလာပါတယ်။ ယခင်က ဈေးကွက် မှာ နာမည်ရပြီးသားဖြစ်တဲ့ VMWare ESXi, Citrix XenServer တို့နဲ့အပြိုင် Microsoft ကလည်း HyperV ကို ပွဲထုတ်လာတာ Windows 2008 R2 မှာ အစပြုခဲ့ပါတယ်။ အခုလက်ရှိ Windows 2012 မှာတော့ Virtualization ပြိုင်ပွဲ ကြိုးဝိုင်းထဲကို ခပ်မာမာနဲ့ ၀င်လာတဲ့ Microsoft ရဲ့ Product တစ်ခုဆိုလည်း မှားမယ် မထင်ပါဘူး။
Microsoft ရဲ့ နာမည်ကျော် Windows 2012 HyperV
Server Virtualization ဆိုတာဘာလဲ မေးသူတွေအတွက် အရင်တုန်းကလည်း ရေးထားပီးသား ဆောင်းပါး တစ်ပုဒ်ရှိပါတယ်။ အဓိကကတော့ အစစ်အမှန်မဟုတ်တဲ့ အတုအယောင်လို့ ဆိုတာထက် Resources တွေကို ထိရောက်စွာ အသုံးပြုခြင်း နည်းစနစ်တစ်ခု ဆိုရင် ပိုမှန်မှာ ဖြစ်ပါတယ်။ ဘာကြောင့် Server Virtualization ဟာ ခောတ်စားလာသလဲ ဆိုတာကို လူအများစုက စိတ်ဝင်စားကြပါတယ်။ ပညာရှင်များရဲ့ သုတေသန ပြုချက်အရ ယခုလက်ရှိ လူအများစု အသုံးပြုနေကြတဲ့ ကွန်ပျူတာတွေ အထူးသဖြင့် ဆာဗာတွေဟာ တပ်ဆင်ထားတဲ့ Hardware တွေရဲ့ Resources မြင့်မားသလောက် အသုံးချနိုင်စွမ်းရည်ဟာ ၂၀ ရာခိုင်နှုန်းတောင် မရှိဘူးလို့ ဆိုလာကြပါတယ်။ ဆိုလိုချင်တဲ့သဘောက Memory 10GB လောက်တပ်ထားပေမယ့် တကယ်အလုပ်လုပ်နေတာ 2GB တောင်မရှိဘူးဆိုတဲ့ သဘောပါ။
Citrix ရဲ့ နာမည်ကျော် XenServer
အဲ့ဒိအတွက် ဘာလုပ်လာကြသလဲဆိုတော့ Server Virtualization ကိုလုပ်လာကြပါတယ်။ Server Hardware လူပြိန်းနားလည်အောင် ပြောရရင်တော့ System Box ဒါမှမဟုတ် မော်နီတာဘေးက ထောင်ထားတဲ့ သံဗုံးကြီးကို Hypervisor လို့ခေါ်တဲ့ Virtualization ကို အဓိက မောင်းနှင်မယ့် အင်ဂျင်ကို တင်လိုက်ပါတယ်။ အဆိုပါ အင်ဂျင်ပေါ်ကနေမှ Virtual Machine လေးတွေ ဖန်တီးလိုက်ပါတယ်။ Virtual Machine ဆိုတာက Hypervisor ကနေမှတစ်ဆင့် တကယ် အစစ်အမှန်မဟုတ်တဲ့ အတုအယောင် ကွန်ပျူတာလေးတွေ ဖန်ဆင်းလိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် Machine တစ်ခု ဖန်တီးလိုက်ပြီး အဆိုပါ Machine အား CPU ဘယ်နှစ်လုံး၊ Memory ဘယ်လောက် GB၊ Harddrive ဘယ်လောက် GB၊ Network Card က ဘယ်လောက် အစရှိသဖြင့် သတ်မှတ်ပေးလိုက်ပါတယ်။
ရှိရင်းစွဲ Resources တွေကို ဒီလိုခွဲဝေ သုံးစွဲလိုက်ပါတယ်
အဆိုပါ Virtual Machine ပေါ်မှာ ကိုယ်တင်ချင်တဲ့ Operating System ကို တင်ကြပါတယ်။ ဥပမာအားဖြင့် Windows, Linux, RedHat, Novel အစရှိသဖြင့်ပေါ့။ Server Hardware ရဲ့ ခံနိုင်ရည်ရှိမှု ပမာဏနဲ့ Hypervisor ရဲ့ Handle လုပ်နိုင်မှုပေါ် မူတည်ပြီး VMs ပေါင်း မြောက်များစွာ ဖန်တီးနိုင်ပါတယ်။ ကိုယ်လိုချင်သလောက် ဖန်တီးနိုင်ဖို့အတွက်တော့ Server Hardware ကို ကောင်းကောင်းတွက်ချက်ဖို့ လိုပါတယ်။
HyperVisor တို့ရဲ့ ဘုရင်တစ်ပါး ဆိုရမယ့် VMWare ရဲ့ ESXi ပါ
Server Virtualization လုပ်တာ ဒီလို Resources တွေကို ထိထိရောက်ရောက် အသုံးချဖို့လားဆိုတော့ ဒါတင် မကပါဘူး လျှပ်စစ် စွမ်းအင်ကို ချွေတာရာ ရောက်ပါတယ်။ အရင်တုန်းက ကုမ္ပဏီတွေဟာ ၎င်းတို့ အသုံးပြုတဲ့ Systems များပေါ်မူတည်ပြီး Servers လို့ခေါ်တဲ့ စွမ်းအားမြင့် ကွန်ပျူတာ အနည်းဆုံး ၁ လုံးမှသည် အလုံးရေများစွာ အသုံးပြုကြရပါတယ်။ ယခုလို Server Virtualization လုပ်နိုင်တဲ့ အခါမှာတော့ Server တစ်လုံးထဲမှသည် အတွင်းမှာ VMs များစွာ ခွဲထားပြီး Virtual Servers များ ဖန်တီးထားခြင်းဖြင့် လျှပ်စစ်သုံးစွဲမှု နဲပါးသွားတဲ့အတွက် Virtualization အား အချို့မှ Green Technology လို့ပင် တင်စား ခေါ်ဝေါ်လာကြပါတယ်။
အရင်က ဆာဗာများနဲ့ Virtualize လုပ်ထားတဲ့ ဆာဗာများ ကွာခြားပုံ
Server Virtualization ကို အသုံးပြုတော့မယ်ဆိုရင် အဓိက ရွေးချယ်ရမှာသည် ၎င်းအား မောင်းနှင်မည့် Hypervisor ပဲ ဖြစ်ပါတယ်။ ယနေ့ ခေတ်စားနေတဲ့ Hypervisor တနည်းအားဖြင့် Server Virtualization ကြိုးဝိုင်းမှာ ထိုးသတ်နေကြတာကတော့ VMWare ရဲ့ ESXi နဲ့ Citrix ရဲ့ XenServer ပဲ ဖြစ်ပါတယ်။ Microsoft ရဲ့ HyperV ဟာ Professional သုံးစွဲရလောက်တဲ့ Hypervisor အဆင့်မှာ မရှိသေးပါဘူး။ သို့ပေမယ့် ကမ္ဘာမှာ လူသုံး အများဆုံး စာရင်းဝင် Hypervisor ကိုပြပါဆိုရင်တော့ Microsoft ရဲ့ HyperV ဟာလည်း ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ထူးထူးခြားခြားတော့ အံ့သြဖို့ မလိုပါဘူး။ Microsoft ဆိုတာ ကမ္ဘာပေါ်မှာ ရှိသမျှ Computer Operating System တွေထဲမှာ အကောင်းဆုံးဆိုတာ အငြင်းပွားစရာ မလိုပါဘူး။ Microsoft ဟာ Server Virtualizations ဈေးကွက် မှာ နောက်ကျနေတဲ့ သူ့ခြေလှမ်းကို အမြန်ဆုံး အမှီလိုက်နိုင်ဖို့ သူ့ရဲ့ ကမ္ဘာကျော်နေတဲ့ Windows ရဲ့ အားသာချက်ကို အသုံးချလိုက်ပါတယ်။ အဲ့ဒါကတော့ License ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို Computer Software / Operating System ဒီဗီဒီ ၁ ချပ်ကို ၁၅၀၀ နဲ့ ရရှိနေတဲ့ နိုင်ငံအတွက်ကတော့ License ဆိုတာ ဂျိုနဲ့လားလို့ မေးချင်စရာပါ။ ဒါပေမယ့် လိုင်စင်ဆိုတာနဲ့ Copyright ဆိုတာ တွင်ကျယ်တဲ့ နိုင်ငံတွေမှာတော့ Software တိုင်းကို License ပေးဝယ်ရပါတယ်။ စီးပွားရေး ပွင့်လင်းလာမယ့် မြန်မာနိုင်ငံအနေနဲ့လည်း Software License နဲ့ပါတ်သက်လို့ လေ့လာထားသင့်နေပါပီ။
ပုံမှန်အားဖြင့် Computer တစ်လုံး အသုံးပြုလျင် ၎င်း ကွန်ပျူတာလည်ပါတ်ရန် အသုံးပြုရသည့် Operating System အားလည်း လိုင်စင်နဲ့ ၀ယ်ယူအသုံးပြုရပါတယ်။ ထိုကဲ့သို့ License ဖိုး မတတ်နိုင်သောကြောင့် Open Source လို့ခေါ်တဲ့ Free ရတဲ့ Software / Operating System များ အသုံးပြုနေကြတဲ့ လူတွေလည်း ဒုနဲ့ဒေးပါ။ ပုံမှန် အိမ်သုံး ကွန်ပျူတာများမှာ အသုံးပြုတဲ့ Windows တောင် အနည်းဆုံး ဒေါ်လာ ၃၀၀ အထက်မှာ ရှိပါတယ်။ လုပ်ငန်းသုံး Server များမှာ အသုံးပြုတဲ့ Windows Server Edition ဆိုရင်တော့ အနည်းဆုံး ၈၀၀ နဲ့ အထက်မှာ ရှိပါတယ်။ လုပ်ငန်း သဘောသဘာဝ အရ ဆာဗာ နှစ်လုံးဆိုရင်ပဲ Microsoft ကို ဒေါ်လာ ၁၆၀၀ နဲ့အထက် Software ဖိုးပေးလိုက်ရမှာ ဖြစ်ပါတယ်။
အဲ့ဒိအတွက် Microsoft ဟာ Server Virtualization လောကကို မက်လုံးပေး ၀င်လာတာကတော့ သူ့ရဲ့ Windows Server ကိုဝယ်ယူလိုက်ခြင်းဖြင့် အဆိုပါ Windows HyperV အတွင်းမှာ တပ်ဆင်မယ့် Virtual Machine များအတွက် Operating System ကို အခမဲ့ပေးခြင်းဖြင့် သုံးစွဲသူများအား ဆွဲဆောင်လိုက်ပါတယ်။ Microsoft Windows ဟာ အကောင်းဆုံး Operating Systems ဆိုတာ အထူးပြောစရာ မရှိသလို Microsoft ရဲ့ Active Directory, Exchange, SQL Server ဆိုတာဟာလည်း ကမ္ဘာမှာ လူသုံးအများဆုံး စနစ်တွေဆိုရင်လည်း မမှားပါဘူး။ အဆိုပါ စနစ်တွေသည် Microsoft Windows Server Edition အပေါ်မှာ မှီခိုနေရတဲ့အတွက် ကုမ္ပဏီ အများစုဟာ Windows Server များအတွက် Microsoft အား လိုင်စင်ကြေး ပေးဆောင်ပြီး ၀ယ်နေရသည်မှာ အတော်ပင် စားရိတ်ကြီးမားလှပါတယ်။ ဒါတောင် နှစ်စဉ်ကြေး ပေးသွင်းခြင်းများ မပါသေးပါ။
သို့ဖြစ်သည့်အတွက် Windows Server ကို ၀ယ်ယူခြင်းဖြင့် အတွင်းတွင် ထည့်သွင်းမည့် Virtual Machine များအတွက် Windows Operating Systems အား အလကားပေးသည့် Microsoft ရဲ့ မက်လုံးမှာ အလွန်ပင် တာသွားပါတယ်။ ကုန်ကျစားရိတ် ချွေတာ၍ Virtualization လုပ်လိုသည့် ကုမ္ပဏီ အများစုဟာ Microsoft ကို ရွေးချယ်လာပါတော့တယ်။ ဒီလို Microsoft က သူ့ရဲ့ Hypervisor ကို ၀ယ်တဲ့သူတွေကို Windows Server ကို အလကားပေးလို့ မွဲသွားမယ် ထင်ပါသလား။ Windows Server Edition တိုင်း VM တွေ ကြိုက်သလောက် လုပ်ပြီး Microsoft Windows ကို အကန့်အသတ်မရှိ သုံးလို့ရမယ်ထင်ရင်တော့ မှားသွားမှာ ဖြစ်ပါတယ်။
Windows 2008 R2 Standard Edition အတွက် VM ဖန်တီးခွင့်ဟာ ၁ လုံးပဲ ဖြစ်ပါတယ်။ သို့ဖြစ်သည့်အတွက် HyperVisor အနေဖြင့် ၁ လုံး၊ VMs အနေဖြင့် ၁ လုံး၊ စုစုပေါင်း Server ၂ လုံး အသုံးပြုနိုင်မှာပါ။ Windows 2008 R2 Enterprise အတွက်ကတော့ VM ဖန်တီးခွင့် ၄ လုံးဖြစ်တဲ့အတွက် မူရင်း Hypervisor အပါအ၀င် ၅ လုံးဖြစ်သွားမှာ ဖြစ်ပါတယ်။ Windows 2008 R2 Datacenter Edition အတွက်ကတော့ VMs များ ဖန်တီးခွင့် အကန့်အသတ် မရှိပါဘူး။
အခုလက်ရှိ Windows 2012 Standard Edition မှာတော့ VM ဖန်တီးခွင့်ဟာ ၂ လုံးဖြစ်ပြီး Windows 2012 Datacenter Edition မှာတော့ VM ဖန်တီးခွင့်ဟာ အကန့်အသတ်မရှိ ဖြစ်ပါတယ်။ VM ဖန်တီးခွင့် အကန့်အသတ်မရှိလို့ Microsoft ဟာ ၀င်ငွေနည်းသွားမယ်ထင်ရင်တော့ မှားသွားမှာ ဖြစ်ပါတယ် မိတ်ဆွေ။ Microsoft ဟာ Datacenter Edition အတွက် VM အကန့်အသတ်မရှိ ဖန်တီးမည့်သူများအား License ကို Per Processor နဲ့ တွက်ထားပါတယ်။
Hypervisor တစ်ခုတွင် Virtual Machine များ ၄ လုံးနှင့် အထက် အသုံးပြုမည်ဆိုပါက Processing အားကောင်းစေရန် Processor များ ထပ်မံ တပ်ဆင်ရပါတယ်။ သို့ဖြစ်သည့်အတွက် Microsoft မှ Per Processor နဲ့ License ကို တွက်ချက်ထားတဲ့အတွက် VM တွေ အကန့်အသတ်မရှိ ဖန်တီးလို့ရပြီဆိုပြီး ပျော်နေသူများ မှိုင်တွေ သွားရပါလိမ့်မယ်။ ၎င်း၏ နာမည်ကျော် SQL Server 2012 Edition မှာတော့ Microsoft ဟာ Per Core နဲ့ဈေးနှုန်းကို တွက်ထားတာပါ။ ယနေ့လက်ရှိ ခေတ်မှီ ၂၀၁၂ ထုတ်အိမ်သုံးကွန်ပျူတာများပင် Core အနည်းဆုံး ၄ Core အထက်မှာ ရှိကြပါတယ်။ Server များဆိုရင် တွက်သာကြည့်ပေရော့။
မည်သို့ပင် အကန့်အသတ်နှင့် ၎င်း၏ ပိုက်ဆံအိပ်ဖောင်းစေရန် Microsoft မှ HyperV License အား ကန့်သတ်ထားသော်ငြား အခြားသော Hypervisor များထက်စာလျင် ဈေးနှုန်းသက်သာခြင်း၊ VM များအတွက် Server Operating System အား အခမဲ့ ရနိုင်ခြင်း စတဲ့ မက်လုံးများနဲ့ Microsoft ဟာ Hypervisor ဈေးကွက်မှာ ခပ်မာမာနဲ့ အတော်စွာနေနိုင်တယ်ဆိုလည်း မမှားပါဘူး။ ဒါကြောင့်လည်း Microsoft ဟာ အမေရိကားမှာ လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။
Microsoft HyperV ကို အသုံးများလာတဲ့အတွက် Engineer အများစုရဲ့ အမှားများကတော့ HyperV ကို VMWare ရဲ့ ESXi လို Citrix ရဲ့ XenServer လိုထင်မှတ်ပြီး VMs တွေထဲမှာ Active Director (FSMO Master) ကို တင်ထားလိုက်ပြီး HyperVisor ကိုတော့ Domain Member အဖြစ် Register လုပ်ထားကြပါတယ်။ ESXi နဲ့ XenServer တို့ဟာ Third Party တွေဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် Services များနှင့်သာ ရပ်တည်သည့် Hypervisor များဖြစ်တဲ့အတွက် ပြဿနာ မရှိပေမယ့် Windows အပေါ်မှာ အခြေခံသည့် HyperV အတွက်ကတော့ အကြီးအကျယ်ဆုံးသော အနှောင့်အယှက်ကြီး ဖြစ်ပါတော့တယ်။
Active Directory လို့ခေါ်တဲ့ AD ဟာ Microsoft Network မှာ အသက်ပင် ဖြစ်ပါတယ်။ Microsoft မှ Windows အများစုဟာ ကွန်ပျူတာစဖွင့်သည်နှင့် ၎င်းတို့၏ သက်ဆိုင်ရာ AD ကိုရှာဖွေပြီးမှ အလုပ်ဆက်လုပ်နိုင်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် Microsoft Windows များ၏ အရှင်သခင် ဆိုလည်း မမှားပါဘူး။ Vitual Machine ဆိုသည်မှာ မူရင်း Hypervisor အစအဆုံး အလုပ်လုပ်ပြီးမှ စတင် အသက်ဝင်တာဆိုလည်း မမှားပါဘူး။ သို့ဖြစ်သည့်အတွက် AD အား VMs အတွင်းမှာတင်ထားပြီး Hypervisor အား Member အဖြစ်သတ်မှတ်လိုက်သောအခါ အဆိုပါ HyperVisor သည် စက်စတင် အလုပ်လုပ်သည်တွင် ၎င်း၏ အရှင်သခင် AD အား ရှာပါတော့တယ်။
ရှာလို့ မတွေ့တော့မှသာ Hypervisor မှ စတင်အလုပ်လုပ်သည့်အတွက် စ စဖွင့်သည်မှ ပုံမှန် အလုပ်လုပ်သည်အထိ အနည်းဆုံး 40 မိနစ်ကျော် ကြာပါတော့တယ်။ စက်လည်ပါတ်နေစဉ်အတွင်းလည်း AD မှ ချမှတ်ပေးထားသော Policy များအား ပုံမှန်အတိုင်း အလုပ်လုပ်ချင်မှ လုပ်ပါတော့တယ်။ ရေရှည် အကျိုးဆက်အနေနဲ့ကတော့ ဆာဗာ မကြာခဏ ဟန်းခြင်းများ ဖြစ်ပေါ်ပါတော့တယ်။ သို့ဖြစ်သည့်အတွက် သူများလုပ်လို့ နောက်ကနေ လိုက်လုပ်ပီး မရှုနိုင်မကယ် ဖြစ်တော့မှ Microsoft ကတော့ ထုံးစံအတိုင်း မိုးကြိုးပစ်ရာ ထန်းလက်ကာပါတယ်။ HyperVisor များအတွက် Virtual AD ပါတဲ့။ သို့ပေသိ မည်သို့မည်ပုံ Virtual AD ကို ဖန်တီးရမယ် ဆိုတာတော့ အသေးစိတ် ရေးချယ်ခြင်း မရှိပါဘူး။
သို့ပေသိ သူ Recommend လုပ်တာကတော့ Hypervisor များကို Domain Member မလုပ်ပဲ Standalone လုပ်ပါတဲ့။ ဒါပေမယ့် Failover တို့ Load Balancing တို့ အစရှိသဖြင့် သုံးချင်လာတဲ့ သူများအတွက်တော့ AD က မရှိမဖြစ် လိုလာလေတော့ Microsoft က AD ကို အပြင်ထုတ်ရင်ထုတ် သို့မဟုတ် Hypervisor အတွက် AD သပ်သပ် Create လုပ်ပါတဲ့လေ။ ဘယ်လိုပဲ ပြောပြောပါ ယနေ့ အီးမေးလ်လောကမှာ နာမည်ကြီးနေတဲ့ Microsoft Exchange ဆိုတာလည်း ဟိုး ဘိုးတော်ဘုရား လေးဘက်တွားကာစ ကျွန်တော် Windows NT 3.5 ကနေ 4.0 ကလိလို့ ကောင်းတုန်း Windows 98 ဆိုတာ ပေါ်ခါစမှာ Exchange 5.0 ဆိုတာဟာ ပေစုတ်စုတ်ကလေးပါ။
အီးမေးလ် ဈေးကွက်ရဲ့ ကြီးမားလာမှာကို သိတဲ့ Microsoft ရဲ့ အားထုတ်မှုအနေနဲ့ ယနေ့မှာ Microsoft Exchange ဟာ ကမ္ဘာ့ရှေ့ဆောင် ကုမ္ပဏီများရဲ့ အဓိက အသုံးပြုနေတဲ့ Email Server Software တစ်ခုနေရာမှာ အခန့်သား နေရာယူနေပြီ ဖြစ်ပါတယ်။ အဲ့ဒိအတွက် HyperV သည်လည်း ထိုကဲ့သို့ နေရာမျိုး မရနိုင်ဘူးလို့ ခန့်မှန်းခြေ ဟောကိန်းထုတ်ဖို့ရာ စောလွန်းသေးတယ်ပဲ ဆိုပါရစေတော့။
0 comments:
Post a Comment